မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က(၃)ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့်သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ပြမှုထူးချွန်သော ဆရာ/ဆရာမများ၊ ကျောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဘင်ခရာ၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကျပန်းဆုရရှိသူများ၊ အားကစားဆုရရှိသူများ၊ လူရည်ချွန်ဆု၊ အင်္ဂလိပ်နှင့် သင်္ချာစွမ်းရည်ဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။
ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာမများ၊ ကျောင်းသူများ၊ ကျောင်းသူမိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)