လွိုင်လင် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးနှင့် နန်းတော်ဝင်စာပေတိုက် (ရန်ကုန်) တို့ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲကို ယနေ့ညနေ (၃) နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေး၊ မြို့နယ်ပညာရေးမှူး ဦးသန်းစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ ထို့နောက် ခန်းမအတွင်း၌ အခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက စာအုပ်စာစောင်ပြပွဲ၊ စာအုပ်ဈေးရောင်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို အခမ်းအနားတက်ရောက်လာကြသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုအားပေးကြသည်။
အဆိုပါစာအုပ်စာစောင်ပြပွဲ၊ စာအုပ်ဈေးရောင်းပွဲသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအသီးသီးမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြပါသည်။
လွိုင်လင်မိုး(ခရိုင်ပြန်/ဆက်)