မိုင်းဆတ် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က မိမိတို့ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများအနေဖြင့် လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအတွင်း၌ လေဘေးဒဏ်ခံနိုင်ရည် နည်းပါးသည့် နေအိမ်များအား တစ်အိမ်လျှင် ငွေကျပ်(၃၅၀၀၀)နှုန်းဖြင့် ကူညီထောက်ပံ့နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ စာရင်းပြုစုသွားမည်ဖြစ်ကြောင်း၊ ထိုသို့ကွင်းဆင်းစစ်ဆေးကာ စာရင်းပြုစုနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)