ချောင်းဆုံ ဇန်နဝါရီ ၁၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက ခရိုက်ဒူး(အ.ထ.က-ခွဲ)ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မိသူဇာက ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့်အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် “လူငယ်စကားဝိုင်း” ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်(ပြန်/ဆက်) ဦးစီးအရာရှိဒေါ်မိသူဇာနှင့် မြို့နယ်(အား/ကာ)ဦးစီးအရာရှိဒေါ်သက်ငုံဖူးတို့မှ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ကာ ကျောင်းသားလူငယ်များအတွက် အရေးပါသည့် ကဏ္ဍများဖြစ်သည့် ပညာရေး၊ အားကစား၊ ယဉ်ကျေးမှုတန်ဖိုး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပေါင်းသင်းဆက်ဆံရေးစသည်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ကျောင်းသား/သူများ သိရှိလိုသည်များ ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)