ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဒုတိယအကြိမ် ဆန်နှင့် ဆီများထောက်ပံ့

ဒဂုံ(ဆိပ်ကမ်း) အောက်တိုဘာ ၂၈

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီရုံးတွင် ယမန်နေ့၊ နေ့လယ် ၁ နာရီအချိန်၌ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားစဉ်ကာလအတွင်း လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိသော မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် စေတနာလုပ်အားရှင် စုစုပေါင်း(၆၀) ဦးအား  တစ်ဦးလျှင် ဆန်(၂)ပြည်နှင့် ဆီ (၁)ဘူးစီကို ဒုတိအကြိမ်မြောက် ထောက်ပံ့ပေးရာ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌကိုယ်စား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး နှင့် ဒုတိယမြို့နယ်တပ်ဖွဲ့မှူးက တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကုသရေး ဌာနနှင့် သံသယလူနာထားရှိရာ Quarantine Centre တို့တွင် အဖွဲ့ခွဲ၍ စေတနာ့ဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက် ပေးလျက်ရှိကြောင်း တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)