မိုင်းဆတ် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းတည့် (၁၂)နာရီခွဲက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူဗဟိုပြုအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ နေ့လည်အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ထိုးထွင်းကြံဆတက်စေရန်၊ အချင်းချင်းပူးပေါင်းကူညီဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာပေများဖတ်ရှုပြီး ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။
အဆိုပါ အလယ်တန်းအဆင့် စစ်တုရင်ပြိုင်ပွဲအား အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူအား မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)