ခရမ်း အောက်တိုဘာ ၂၈
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်း အမျိုးမျိုးကို ယမန်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံးများ၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေး ဗွီဒီယိုခွေ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်းစည်း ကမ်းစာအုပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်း လမ်းညွှန်စာအုပ်များ၊ မဲစာရင်းပုံစံများကိုသက် ဆိုင် ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ကိုယ်တိုင်လာရောက်ထုတ်ယူခဲ့ကြသည်။
ခရမ်းမြို့နယ်တွင် ရပ်ကွက် (၁၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၆) အုပ် စုရှိပြီး စုစုပေါင်း မဲရုံ(၂၀၄)ရုံ၊ မဲဆန္ဒရှင်စုစု ပေါင်း(၁၂၀၀၀၀)ဦးကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မေသဇင်စိုး ထံမှ သိရသည်။
ကိုမင်း( ခရမ်း )