အ.ထ.က(တာချီလိတ်)၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

တာချီလိတ် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ စစ်ဗျူဟာ(အခြေချ) တာချီလိတ်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(တာချီလိတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလှက ပညာရေးစုံညီပွဲတော်နှင့် ကျောင်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် ဇနီးဒေါ်တင်တင်လှ၊ မြို့မိမြို့ဖများစုပေါင်း၍ ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလှက လက်ခံရယူသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ဆု၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အဆင့် (A) ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် လူရည်ချွန်၊ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ထူးချွန်ဆု၊ ပန်းချီ၊ စာစီစာကုံး၊ ဆိုကရေးတီးပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)