ဇေယျာသီရိမြို့နယ်၌ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း ဖွင့်လှစ်

ဇေယျာသီရိ ဇန်နဝါရီ ၁၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းကို မသန်စွမ်းလူငယ်များ၏ စိတ်ဓာတ်နှင့်ဘဝမြင့်မားစေရန်၊ ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်၊ အသေးစားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရင်း ဘဝရပ်တည်နေထိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း(၁/၂၀၂၄)တွင် သင်ကြားပေးမည့်အကြောင်းအရာများအား သင်တန်းနည်းပြများက မိတ်ဆက်တင်ပြခဲ့သည်။

သင်တန်းသို့ ဇေယျာသီရိခရိုင်အတွင်းမှ မသန်စွမ်းလူငယ် ၃၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ မှန်ကြည်ဆေး၊ ဆပ်ပြာခရင်မ်၊ မျက်နှာသစ်ဆပ်ပြာခဲ အမျိုးမျိုးနှင့် လက်သန့်ဆေးများကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)