တာချီလိတ် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး) ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမိုးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးသန်းဇော်ဦးတို့က လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်စကားဝိုင်းကျင်းပသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်(၃)ဦးမြင့်သန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ Grade 11 ကျောင်းသူ မမေလင်းလှိုင်က “လူငယ်နှင့်ပညာရေး”၊ မသီရိဟေလှိုင်က “လူငယ်နှင့်အောင်မြင်ရေး”နှင့် မနန်းထွေးမြင့်က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ Grade 10 ကျောင်းသား မောင်မင်းသုခက “လူငယ်နှင့် ကျန်းမာရေး”၊ မောင်ဇေယျာလင်းထက်က “လူငယ်နှင့်စာဖတ်ခြင်း”စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်တို့အား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)