ဥတ္တရသီရိ ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဇလောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အမှာစကားပြောကြားပြီး ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇင်ဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးပြီးစီးမှု၊ နွေစပါးစိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆောင်းသီးနှံ( မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံလျာထားစိုက်ပျိုးမှု အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမှုအခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာကေသီအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြည်တွင်းတွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများအား လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ရေး၊ သက်ဆိုင်ရာဌာနများအနေဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ သီးနှံများအား ပန်းတိုင်အထွက်နှုန်းထက် ပိုမိုထွက်ရှိရေး ကြိုးစားဆောင်ရွက်ရန်၊ ပြည်ပမှ စားအုန်ဆီများကိုကာမိအောင် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးစေလိုကြောင်း၊ နေကြာနှင့် အခြားသီးနှံများရောနှောစိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်စေရေး၊ တောင်သူများအနေဖြင့် စံနှုန်းအထွက်တိုးစေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို မျှတစွာအသုံးပြုပြီး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးဖို့လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုး၊ မြေ၊ ရေ၊ နည်း ကို လိုက်နာကျင့်သုံးဆောင်ရွက်ပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း အသားဖူလုံရေးအတွက် ကောင်းမွန်တဲ့ မွေးမြူရေးနည်းစနစ်များကို လိုက်နာကျင့်သုံးရန် စသည့်တို့ကိုပြောကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)