လွိုင်လင် ဇန်နဝါရီ ၁၅
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် မီးသတ်ဦးစီးဌာနမှူးရုံးတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉:၃၀)နာရီက အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖြစ်ကြောင်း၊ မျက်မှောက်ကာလတွင် ရာသီဉတုဖောက်ပြန်မှုကြောင့်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လေ့ရှိကြောင်း၊ ဒါအပြင် ယာဉ်မတော်တဆမှု၊ မီးမတော်တဆမှုများတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ စုပေါင်းဖွဲ့စည်းကာ ရှာဖွေကယ်ဆယ်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းပို့ချသည့်သင်ခန်းစာများကို စနစ်တကျလေ့လာမှတ်သားပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချကြရန်လိုကြောင်း ပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသောဧည့်သည်များမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို လေ့လာကြည့်ရှုရာ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက လိုက်လံရှင်းလင်းပြသပါသည်။
အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား ၅၀ ဦး တက်ရောက်ကြပြီး သင်တန်းကို ယနေ့မှ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်၊ ပြန်/ဆက်)