ရမည်းသင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများအတွက် မဲရုံသုံးပစ္စည်းများနှင့် ကြိုတင်မဲလက်မှတ်များ စတင်ထုတ်ပေး

ရမည်းသင်း အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အသုံးပြုရန်၊ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများအတွက် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် (၉) နာရီအချိန်က ဝါတိုးရပ်ကွက် စိုက်ပျိုးရေးဦးစီးဌာန ဂိုထောင်ရှိ မဲရုံသုံးပစ္စည်းများ ထားရှိရာနေရာတွင် စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနေမျိုးအောင်နှင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က တာဝန်ခံထုတ်ပေးနေခြင်းဖြစ်ပြီး၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စနစ်တကျထုတ်ယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ မဲရုံသုံး ပစ္စည်းများကို မြို့နယ်အတွင်း မဲရုံပေါင်း(၂၄၇)ရုံအတွက် လိုအပ်သည့် မဲပုံး၊ လုံခြုံရေး ကြိုး၊ အမှန်တံဆိပ်တုံး၊ မှင်ခံခုံ၊ ပေတံ၊ဘောလ်ပင် အစရှိသည့် ပစ္စည်း(၆၂)မျိုးနှင့် အောက်တိုဘာ (၂၉) ရက်နေ့မှစတင်၍ ကြိုတင်မဲပေးလိုသည့် မဲဆန္ဒရှင်ပြည်သူများအတွက် ဆန္ဒမဲလက်မှတ်များကိုပါ တစ်ပါတည်း ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်