ပုံပါကျင် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ အမှတ်(၁၀၀၇) နယ်ခြားစောင့်တပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အမှတ်(၁၀၀၇) နယ်ခြားစောင့်တပ်၊ လွယ်ချီလိတ်ခန်းမ၌ ယနေ့နံနက်(၀၉:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုံပါကျင်မြို့ အမှတ်(၁၀၀၇) နယ်ခြားစောင့်တပ်မှ တပ်မှူး ကျပီးကွယ်က အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာမူလတန်းလွန်ကျောင်း(နယ်ခြား)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူကျော်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (A)အဆင့်ဖြင့်အောင်မြင်သော Grade-5 မှ KG တန်းအထိ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အားကစား ပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအားအမှတ် (၁၀၀၇) နယ်ခြားစောင့်တပ်မှ တပ်မှူးကျပီးကွယ်၊ အခြေခံပညာအထက်တန်းကျောင်း(ပုံပါကျင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးယဉ်၊ မူလွန်(နယ်ခြား)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူကျော်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့် ပေးအပ်သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အိအိဖြိုး(ပုံပါကျင်၊ ပြန်/ဆက်)