ပင်းတယ၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ပင်းတယ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဘက်စုံပညာရည်တို့ လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးရာဇာငြိမ်းချမ်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသား/ကျောင်းသူများ ပြည်နယ်/ခရိုင် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရာဇာငြိမ်းချမ်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက တေးသီချင်းများ၊ အကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)