ချမ်းမြသာစည်မြို့နယ် သူနာပြုတက္ကသိုလ် (မန္တလေး)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည်  ဇန်နဝါရီ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂x၆၃လမ်းကြား၊ ၁၀၄x၁၀၅လမ်းကြား၊ သူနာပြုတက္ကသိုလ် (မန္တလေး)ရှိ တော်ဝင်သဇင်ခန်းမတွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌ နိုင်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍  ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် (မန္တလေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော  လူငယ်စကားဝိုင်းကို ယ‌နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သူနာပြုတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာဒေါ်ခင်၀င်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်‌ဝေဝေဖြိုးကလူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးဆောင်‌ဆွေးနွေးခဲ့ပြီး အဆိုပါ တက္ကသိုလ်မှ စတုတ္တနှစ် ကျောင်းသူ မခင်စုလှိုင်ဖြိုးက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ တတိယနှစ် ကျောင်းသား မောင်အောင်သူဟိန်းက "လူငယ်နှင့်မူးယစ်ဆေးဝါး‌" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ဒုတိယနှစ် ကျောင်းသူ မနေခြည်က "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့် လည်းကောင်း၊‌ ဒုတိယနှစ် ကျောင်းသူ မခင်ထားဝေက "လူငယ်နှင့်ကျန်းမာ‌ရေးပြဿနာများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊‌  အသီးသီး ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော သူနာပြုတက္ကသိုလ်ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။   

လူငယ်စကားဝိုင်းသို့ သူနာပြုတက္ကသိုလ် ‌ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်၀င်းစိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ဒုတိယပါ‌မောက္ခချုပ် ဒေါ်နန်းအောင်၊ ဒုတိယပါ‌မောက္ခချုပ် ‌ဒေါက်တာညီညီဌေး၊ ပါမောက္ခဒေါ်မြမြသိုက်နှင့် တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ သူနာပြုတက္ကသိုလ် ကျောင်းသား/သူများ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့