ပျော်ဘွယ်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (KAERU CARAVAN) အစီအစဉ်ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၅

ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (KAERU CARAVAN) အစီအစဉ်ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကလေးသူငယ်များ လုံခြုံမှုရှိစေရန်လိုအပ်ပါကြောင်း၊ အရေးပေါ်အချိန်တွင် ကလေးသူငယ်များ မိမိကိုယ်မိမိကာကွယ်နိုင်ရန်အတွက် ယခုလိုအစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (KAERU CARAVAN) အစီအစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဦး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူလေးများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဉာဏ်စမ်းသုတအမေးအဖြေများ၊ မီးသတ်ဆေးဗူးနှင့် အခြားပစ္စည်းများအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်နည်းများ၊ အရေးပေါ်အခြေအနေတွင် ဒဏ်ရာရလူနာသယ်ဆောင်နည်းများ၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးလူနာပြုစုနည်းများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက မိမိနှင့်တစ်ပါတည်းယူဆောင်ရမည့်ပစ္စည်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ကစားနည်းစနစ်ပုံစံဖြင့် လေ့ကျင့်သင်ကြာပြသပေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်(ပြန်/ဆက်)