ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ဘုရားဖူးလေ့လာရေးရောက်ဖြစ်ခဲ့ပါက ပုဂံရှေးဟောင်းသု တေသနပြတိုက်အတွင်းရှိ မျက်မှောက်ကာလ ကျစွာမင်းကြီးရုပ်တုကိုလေ့လာနိုင်

                                        ညောင်ဦး ဇန်နဝါရီ ၁၅                                

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက ပုဂံရှေးဟောင်း သုတေသနပြတိုက်ရှိ ၁၉၉၈ ခုနှစ်၊ မျက်မှောက်ကာလ ထုဆစ်ထားသည့် ကျစွာမင်းကြီးရုပ်တုတော်ကို လေ့လာနိုင်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက် ပင်မပြခန်းတွင်ပြသထားသည့် ၁၉၉၈ ခုနှစ် မျက်မှောက်ကာလ ထုလုပ်ပုံဖော်ထားသည့် ကြေးရုပ်တုကြီးကို လေ့လာနိုင်ကြောင်း သိရသည်။ ကျစွာမင်းကြီးသည် အေဒီ ၁၂၃၄ - ၁၂၅၀ တွင် ပုဂံထီးနန်းကိုစိုးစံခဲ့ကြောင်း၊ ကျစွာမင်းကြီး၏ ကြေးရုပ်တုကို အမြင့် ၁၄၅ စင်တီမီတာ၊ ဗျက် ၈၅ စင်တီမီတာ၊ ထု ၆၂ စင်တီ မီတာအတိုင်းအတာဖြင့် ကြေးသွန်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင်မှ သွန်းလုပ်ခဲ့ကြောင်း၊ စာပေဖတ်ရှုနေဟန် ကြေးသွန်းပြုလုပ်ခဲ့ကြောင်း သိရသည်။ ကျစွာမင်းကြီးသည် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် ကြိုးပမ်းခဲ့သည့်မင်းများတွင် အပါအဝင်ဖြစ်ကာ ပိဋကတ်သုံးပုံကို ကိုးကြိမ်တိုင်တိုင် နှုတ်လွတ်အာဂုံဆောင်နိုင်ခဲ့သည့် မင်းတစ်ပါးဖြစ်ကြောင်း၊ သံပျင်မင်းသမီး၏ဖခင်ဖြစ်ကာ သံပျင်မင်းသမီးသည်လည်း ဆရာတော်/သံဃာတော် အရှင်သူမြတ်များအား တင်းတိမ်ကာရံ၍ စာချသည်အထိ ထူးချွန်ထက်မြက်ကြောင်း သမိုင်းအထောက်အထားများအရ သိရှိလေ့လာနိုင်သည်။ ကျစွာမင်းကြီး တည်ထားခဲ့သည့် ပြဿာဒ်ကြီးဘုရားမှာလည်း ဗိသုကာပညာပြောင်မြောက်စွာတည်ထားသည်ကို လေ့လာတွေ့ရှိဖူးမြှော်နိုင်ပြီး၊ သံပျင်မင်းသမီးသည် မြင်းကပါအရပ်၌ ရွှေစေတီတော်ကြီးတည် ထားခဲ့သည်ကို လေ့လာဖူးမြော်နိုင်သည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးထဲတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ရိုးပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓ ဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည်ဖြင့် ပြခန်း (၁၀)ခန်း ခင်းကျင်းပြသထားကြောင်း သိရသည်။

ဒီပါလင်း