ရန်ကုန်တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၅                

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးပညာရေးမှူးရုံးမှကြီးမှူးကျင်းပသော ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားအား ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့နံနက် ၇ နာရီကကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးဒေါက်တာချိုချိုမြတ်အောင်နှင့် ခရိုင်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာပညာရေးစုံညီပွဲတော် အလံကိုင်ပင်မစစ်ကြောင်းကဦးဆောင်၍ ခရိုင်အလိုက်စစ်ကြောင်းကြီးများက ကွင်းအတွင်းသို့ စစ်ကြောင်းပုံသဏ္ဍာန် ချီတက်နေရာယူ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကို အလေးပြုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားပညာရည်မြင့်မားရေးအတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းအရ အခြေခံပညာကျောင်းများတွင် ပညာရေးလုပ်ငန်းများကို လအလိုက်ပညာရေးပြက္ခဒိန်ရေးဆွဲပြီး ကျောင်းသား၊ ကျောင်းသူများ၏ကဏ္ဍအသီးသီးမှ စွမ်းဆောင်မှုများကိုထုတ်ဖော်ဂုဏ်ပြုနိုင်ရေးအတွက် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ နှစ်စဉ်ဇန်နဝါရီလ(၃)ရက်နေ့ကို ပညာရေးစုံညီပွဲတော်နေ့အဖြစ်သတ်မှတ်ပြီး ဗဟိုအဆင့်၊ ပြည်နယ်/တိုင်းအဆင့်၊ မြို့နယ်အဆင့်နှင့်အခြေခံပညာကျောင်းများတွင် ပညာရေးစုံညီပွဲတော်ကို နှစ်စဉ် ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမများပူးပေါင်း၍ ပျော်ရွှင်စွာကျင်းပလျက်ရှိကြောင်း၊ ပညာရေးစုံညီပွဲတော်ကို နှစ်စဉ်ပညာသင်နှစ်၏ နှစ်ကုန်ပိုင်းပြက္ခဒိန်နှစ်၏ အစပိုင်းဖြစ်သည့် ဇန်နဝါရီလပထမပတ်တွင် ကျင်းပပေးခြင်းအားဖြင့် တစ်နှစ်တာပညာရေးလုပ်ငန်းများအပေါ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ရင်းနှီးပွင့်လင်းစွာ စုပေါင်းဆွေးနွေးကြခြင်းတို့ ဆောင်ရွက်နိုင်ပြီး နောင်ပညာသင်နှစ်အစမှာ ကျောင်းနှင့်ကျောင်းသားများအတွက် ပိုမိုကောင်းမွန်သည့်အစီအမံများ၊ လျာထားချက်များချမှတ် ဆောင်ရွက်ပေးနိုင်ကြမှာဖြစ်ကြောင်း၊ စုံညီပွဲတော်တွင်ကျောင်းသား၊ ဆရာ၊ မိဘ၊ ဆုံတွေ့ခွင့်ရရှိခြင်း၊ ရင်းနှီးခွင့်ရခြင်း၊ ဆွေးနွေးညှိနှိုင်းခွင့်ရခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း မိမိတို့၏စွမ်းရည်ကို ပြသခွင့်ရခြင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းဖြင့် ရင်းနှီးပျော်ရွှင်နေကြသည်ကို ကြည်နူးစွာမြင်တွေ့ရမှာဖြစ်ကြောင်း ယခုကျင်းပသည့် ပညာရေးစုံညီပွဲတော်သည် ကျောင်းသား၊ လူငယ်များကိုစာပေသာမက ကျန်းမာကြံ့ခိုင်ရေးနှင့် အကျင့်စာရိတ္တမြင့်မားရေး၊ တီထွင်ကြံဆတတ်ရေး၊ ကြောင်းကျိုးဆက်စပ်တွေးခေါ်တတ်ရေး၊ ကြိုးစားအားထုတ်မှုတွေ၊စုပေါင်းညီညွှတ်မှုတွေကိုဖော်ထုတ်ပြသသည့်ပွဲ၊ ကျောင်းသားများ၏ ဗီဇစွမ်းရည်များကို ဂုဏ်ပြုပွဲဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်/ မြို့နယ်၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် မိဘများက အထူးပင်အလေးထားဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရကြောင်း၊ ရန်ကုန်တိုင်းမှာဆောင်ရွက်သည့် ပညာရေးစုံညီပွဲတော်မှာ ကျောင်းသား၊ ကျောင်းသူများ၏စွမ်းရည်အမျိုးမျိုးကို ဖော်ထုတ်ပြသသည့် မြေပြင်အခမ်းအနားများ၊ ပြခန်းများ၊ ICT စွမ်းရည်များ၊ အနုပညာဖျော်ဖြေပွဲများ စုံလင်စွာတွေ့ရတဲ့အတွက် စုံညီပွဲတော်၏ အနှစ်သာရပေါ်လွင်အောင် ကျင်းပနိုင်တာကိုတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်နှင့် ခရိုင်ပညာရေးမှူး(၁၄)ဦးတို့က ပညာရေးစုံညီပွဲတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး “မြန်မာ့ကျောင်း” သီချင်းအား သံပြိုင်သီဆိုကြသည်။

ယင်းနောက် စစ်ကြောင်းကြီးများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာနှင့်ပန်းပွားအကများဖြင့်လည်းကောင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ်ဖြင့်လည်း‌ကောင်း၊ အလှကမ္ဘာမြေ” သီချင်းဖြင့်လည်းကောင်း၊ ကဗျာလွတ်အဖွဲ့(၁၂)ဖွဲ့မှအကဖြင့်လည်းကောင်း၊ ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စုံညီပွဲတော် ဒို့နွဲပျော်သီချင်းဖြင့်လည်းကောင်း တင်ဆက်ကြသည်။

ဆက်လက်၍ ပညာရေးစုံညီပွဲတော်ဆုချီးမြှင့်ခြင်းအခမ်းအနားအားကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်ဒို့နွဲပျော်သီချင်းဖြင့်တင်ဆက်၍ တိုင်းဒေသကြီးပညာရေးမှူးကစုံညီပွဲတော်ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများကိုဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများက အဆို၊ အကများဖြင့် တင်ဆက်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှခရိုင်အလိုက်ပြခန်းများ၊ အခြေခံပညာအထက်တန်းနှင့်အလယ်တန်းကျောင်းများ၏ပြခန်းများအား လိုက်လံကြည့်ရှုအားပေးကြပြီး မွန်းလွဲပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများကသံစုံတီးဝိုင်း၊ မြန်မာ့ဆိုင်းဝိုင်း၊ အသေဝနာဗာလာနံ၊ ပုဂံယဉ်ကျေးမှုအကအလှများ၊ ဦးရွှေရိုး+ဒေါ်မိုးအက၊ ခုနှစ်ထွေမင်းသားအက၊ ထာဝရသစ္စာ၊ ထာဝရမြန်မာသီချင်းများကိုသီဆိုကပြတင်ဆက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်‌ဖြေတင်ဆက်ကြသောအဖွဲ့များနှင့်ပညာရေးစုံညီပွဲတော်ပြခန်းများအတွက် ဂုဏ်ပြုငွေများပေးအပ်ခဲ့ကြောင်းနှင့်အခမ်းအနားကို စုံညီပွဲ‌တော်ဒို့နွှဲပျော်သီချင်းသီဆို၍ အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)