ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၅
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး၊ မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် ခေတ်နှင့်လျော်ညီသော အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို နားလည်တတ်မြောက်ပြီး၊ လူမှုစီးပွားဘဝများ မြှင့်တင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအချောထည်ပြုလုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန် နေ့ ညနေ(၃)နာရီအချိန်က၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆုံရွာကျေးရွာအုပ်စု၊ ရိုးခြားကျေးရွာတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက သင်တန်းဖွင့်လှစ်ရ သည့်ရည်ရွယ်ချက်နှင့် သင်တန်းပြီးမြောက်ပြီးသူများအား လုပ်ငန်းဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည်များကို ဌာနမှချိတ်ဆက်၊ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားနိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးက သင်တန်းထူးချွန်ဆုရရှိသူ တစ်ဦးအား သင်တန်းအထောက်အကူပြုပစ္စည်းများ ချီးမြှင့်ပေးအပ်ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းသူ(၁၀)ဦးအတွက် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က သင်တန်းသား(၁၀)ဦးအတွက် သင်တန်း ဆင်း လက်မှတ်များကိုလည်းကောင်း ပေးအပ်ကြရာ သင်တန်းသားများကလက်ခံရယူကြသည်။ ဆက်လက်၍ သင်တန်းသားများပြုလုပ်ထားသည့် ဝါးအချောထည်ပစ္စည်းများအား သင်တန်းတာဝန်ခံ ဦးစီးအရာရှိက သင်တန်းသားများထံ ပြန်လည်ပေးအပ်၍ မြို့နယ်ဦးစီးမှူးက တက်ရောက်လာသည့် ဌာနဆိုင်ရာများအား ဝါးအချောထည်ပစ္စည်းများ လက်ဆောင်ပေးအပ်သည်။ ဆက်လက်၍ ရိုးခြားကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက သင်တန်းသားများ ပြုလုပ်ထားသည့် ဝါးအချောထည် ပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဝါးအချောထည် ပြုလုပ်နည်းသင်တန်းကို၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ(၅)ရက်နေ့က စတင်၍ ရိုးခြားကျေးရွာတွင် ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းကာလ(၁၀)ရက်တာအတွင်း ဝါးအချောထည် လက်မှုပစ္စည်းများဖြစ်သည့် တင်းတောင်း၊ စိတ်တောင်း၊ ခွဲတောင်း၊ ပြည်တောင်း၊ အုပ်ဆောင်း၊ သစ်သီးချင်း၊ ကန်တော့ပွဲ တောင်းအမျိုးမျိုးနှင့်ဆန်ကောများကို အဆင့်မြင့် ကုန်ချောအဖြစ် ပြုလုပ်နိုင်အောင် သင်ကြားပေးခြင်းဖြစ်ကြောင်းသိရပြီး၊ အဆိုပါသင်တန်းကို၊ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်း ဆင်းပွဲသို့ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သင်တန်းသူများနှင့် ရပ်မိရပ်ဖများ၊ စုစုပေါင်း (၈၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)