ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

​ကျောက်ဆည် ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံများစိုက်ပျိုးကြရာ ပင်တလည်ကျေးရွာတွင် စိုက်ပျိုးထားသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်မှ ပန်းမုံလာစိုက်တောင်သူများအနေဖြင့် မျှားနီတံဆိပ်ပန်းမုံလာမျိုးများ အဓိထားစိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးမည်ဆိုပါက မျိုးထုပ်(၅)ထုပ် ဝယ်ယူပျိုးထောင်ရပြီး သန်မာသည့် ပျိုးပင်များရွေးချယ်စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ မြေဆွခြင်း၊ ပေါင်းမြက်သန့်ရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ပိုးနှင်ဆေး/ ပိုးသတ်ဆေးဖျန်ခြင်း၊ ရေသွင်းခြင်းနှင့် အထွေထွေကုန်ကျစရိတ်အဖြစ် သွင်းအားစုအပေါ်မူတည်၍ ငွေကျပ်(၉)သိန်းမှ(၁၁)သိန်းခန့် ကုန်ကျကြောင်း ပန်းမုံလာစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

ပန်းမုံလာသီးနှံသည် နုန်းမြေနုများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ ကာတိုသီးနှံဖြစ်ပြီး ရေသွင်း/ရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရကြောင်းနှင့် တစ်ဧကစိုက်ပျိုးမည်ဆိုပါက အပင်အရေတွက်(၁)သောင်းနှစ်ထောင်ခန့် ဝင်ဆန့်၍ ပျက်ဆီးလွယ်သည့် သီးနှံတစ်မျိုးဖြစ်ပြီး ရောင်းချသည့်အချိန်တွင် အပွင့်သေးငယ်ခြင်းနှင့် ပိုးမွှားကျရောက်ခြင်းများကြောင့် စိုက်ပျိုးထားသည့်အပင်အားလုံး ရောင်းချရခြင်းမရှိကြောင်းနှင့် ရောင်းတန်းဝင်အပင်အရေအတွက် (၈)ထောင်ကျော် (၉)ထောင်ခန့်သာ ခုတ်ယူရောင်းချရကြောင်း၊ ပွဲစား(အဝယ်ဒိုင်)များမှ ပန်းမုံလာတစ်ပင်အား ငွေကျပ်(၃၈၀)ကျပ်နှုန်းဖြင့် အခင်းပြတ်ရောင်းချရသဖြင့်  ပန်းမုံလာစိုက်တောင်သူများ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)