မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း သာမညစကြာတောင် ဆရာတော် ဘဒ္ဒန္တသောဘန” အား ဖူးမြှော်ကြည်ညို၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၁၅

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ သာမညစကြာတောင် ဝိသုံဂါမ သိမ်သမုတ်မင်္ဂလာနှင့် သာမညမိုးကုတ် သာမညစင်္ကြာတောင် ဆရာတော်၏ ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားသို့တက်ရောက်ပြီး  ရှေးဦးစွာ ဆုတောင်းပြည့်စကြာအေး မိုးပျံပဋ္ဌမံပြဒါးရှင်ကိုးနဝင်း ဓာတုစေတီတော်အားဖူး‌မြှော်ကြည်ညို၍ သာမညစကြာတောင်  ဆရာတော်အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ သာသနာပြုနယ်လှည့်ဓမ္မကထိက  ‘’ဘဒ္ဒန္တသောဘန”အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ လေးကျွန်းသစ္စာရှင်နဂါးမောက်စေတီတော်မြတ်ကြီး၌ မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓကလျာဏယုဝအသင်းကြီး YMBA(ဗဟို)မှ ချီးမြင့်ဆပ်ကပ်သောဘွဲ့တံဆိပ်ရဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့်အသင်းဝင်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟိုဥက္ကဋ္ဌ) အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ သီရိသုဓမ္မမဏိဇောတဓရ ဦးရဲထွန်း(ကိုယ်စား) ဗဟိုတွဲဘက်အတွင်းရေးမှူး မင်္ဂလဓမ္မဇောတိကဓဇဦးပြည်စိုးဟန်မှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်း ချီးမြှင့်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားကာ ပြည်နယ်ဝန်ကြီးချုပ် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးအောင်ကြည်သိန်းက မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ မြဆရာတော်အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ လှူဒါန်းပူဇော်သော အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟိုဥက္ကဋ္ဌ) ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစည်းများအား ဆရာတော်ကြီး (၁၅)ပါးအား ဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။

ဆက်လက်၍ မင်္ဂလဓမ္မဇောတိကဓဇ၊ မင်္ဂလဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရရှိသည့် လူပုဂ္ဂိုလ်(၁၀)ဦးနှင့် အမျိုးဘာသာသာသနာ ပညာအကျိုးအတွက် စစ်မှန်သောစေတနာဖြင့် ကိုယ်ကျိုးမဖတ် အနစ်နာခံ၍ မိမိအသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်ခဲ့သည် လူပုဂ္ဂိုလ်(၁၁)ဦးအား YMBA ဂုဏ်ရည်ဘွဲ့တံဆိပ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချီးမြှင့်အပ်နှင်းခဲ့ကြသည်။

ယင်းနောက် မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ ဒုတိယမြိုင်ကြီးငူဆရာတော်ကြီး ဘဒ္ဒန္တဉာဏိတနှင့် ကျိုက်ထီးဆောင်း ဒုတိယဒီပဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ ဆရာတော်ကြီးများထံမှ သြဝါဒတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)