မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

မိုးကောင်း ဇန်နဝါရီ ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ (၁၄)ရက် နံနက် (၉)နာရီတွင် အ.ထ.က (၁)ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပသည်။

ပညာရေးစုံညီပွဲတော်အခမ်းအနားကို အမှတ် (၃) ခြေလျင်တပ်မဟာမှ တပ်မဟာမှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်၊ လူရည်ချွန်ဆုရ မောင်အောင်သီဟသူနှင့် ဗဟိုအဆင့်ရွှေတံဆိပ်ဆုရှင် မပြည့်ဖူးဝေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။

အခမ်းအနားတွင် အ.ထ.က (၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီပွဲတော် တေးသီချင်းဖြင့် ဆုချီးမြှင့်ပွဲဖွင့်လှစ်၍ အမှတ် (၃) ခြေလျင်တပ်မဟာမှ တပ်မဟာမှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၁၀၀ ရာခိုင်နှုန်းအောင်ချက်ရရှိသော ကျောင်းဆု၊ ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းဆုများကို တပ်မဟာမှူးက ဆုချီးမြှင့်ပြီး ကာယ၊ ဉာဏဆုများဖြစ်ကြသည့် ပြည်နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဆုရရှိသူများ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြည်နယ်အဆင့်ဆုရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့မြို့နယ်အဆင့်ဆုရရှိသူများ၊ သင်္ချာစွမ်းရည်မြို့နယ်အဆင့်ဆုရရှိသူများ၊ အင်္ဂလိပ်စာစွမ်းရည်မြို့နယ်အဆင့်ဆုများရရှိသူများ၊ သင်ထောက်ကူပြိုင်ပွဲဆုရရှိသူများ၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ပြည်နယ်အဆင့်ဆုရရှိသူများ၊ ကမ္ဘာ့ခရီးသွားနေ့အထိမ်းအမှတ်ဆုရရှိသူများ၊ မြို့နယ်အဆင့် ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးဆုရရှိသူများ၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာဆုရရှိသူများ၊ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံး ကဗျာဆုရရှိသူများကို တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။

ထို့နောက် အ.မ.က(၂)ဈေးကုန်းကျောင်းမှ “မင်္ဂလာပါ”တေးသီချင်းဖြင့်လည်းကောင်း၊ အ.မ.က-အလယ်ရပ်ကျောင်းမှ “ရွှေညာသူရွှေညာသား” တေးသီချင်းဖြင့်လည်းကောင်း၊ အ.မ.က-အိုးတန်းကျောင်းမှ ကချင်အကဖြင့်လည်းကောင်း၊ အ.မ.က-၁နောင်ကိုင်တော်ကျောင်းမှ ရခိုင်အကဖြင့် လည်းကောင်း၊ အ.မ.က-ခမရ (၃၈၁) ကျောင်းမှ “နောင်အင်းလေး”တေးသီချင်းဖြင့်လည်းကောင်း၊ မူလွန်-အရှေ့ရပ်ကျောင်းမှ “အလှကမ္ဘာမြေ” တေးသီချင်းဖြင့်လည်းကောင်း၊ အ.မ.က-ရွာသစ်ကျောင်းမှ “ဗာရာဏသီ” တေးသီချင်းဖြင့်လည်းကောင်း၊ အ.မ.က (၃၈၁) ကျောင်းမှ ဆရာမများက “အလှကမ္ဘာမြေ” တေးသီချင်းဖြင့်လည်းကောင်း အသီးသီးကပြဖျော်ဖြေကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)