ဥတ္တရခရိုင်ပညာရေးမှူးရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပညာရေးမှူးရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက ဥတ္တရခရိုင် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများနှင့် တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမှုကို ကြည့်ရှုအားပေးပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်အကောင်းဆုံးမြို့နယ်ဆုများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံလူရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် (ဗဟိုအဆင့်)တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊  (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ခရိုင်အဆင့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပညာတန်ဆောင်ရုပ်ပြ စာစီစာကုံးပြိုင်ပွဲ (ခရိုင်အဆင့်) ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊  National ICT Awards-2023 ပြိုင်ပွဲ (ခရိုင်အဆင့်)ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် နေပြည်တော်တိုင်း ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုနှင့် တာဝန်ရှိသူများက သီဆိုဖျော်ဖြေသွားကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)