တောင်သာ အောက်တိုဘာ ၂၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းမှ သင်တန်းသားများ၏ Swab နမူနာရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT Test Kits ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က တောင်သာ အ.ထ.က ကျောင်းခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်းရှိ အထူရဲများကို သင်တန်းကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိ ခဲ့ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၃၂၂) ဦးအား တောင်သာပြည်သူ့ဆေးရုံမှ နှာခေါင်းတို့ပတ်ရယူစစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် မဲရုံပေါင်း (၃၂၂) ရုံရှိသဖြင့် အထူးရဲ (၃၂၂) ဦးကို အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ တောင်သာအ.ထ.က ကျောင်းတွင် သင်တန်းပေးနေကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)