သထုံမြို့၊ မြသပိတ်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရေး အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

သထုံ ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ပေါ်ရှိ မြသပိတ်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရေး အလှူတော်ငွေများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  နန်းခဲရပ်ကွက်၊ သဒ္ဒမဇောတိကာရာမကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆရာတော်သံဃာ‌တော်များနှင့် တက်ရောက်လာသူတို့က အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပေးခဲ့ကြပြီး သထုံမြို့၊ ဘုရားငါးဆူ‌ ဝေဘူကမ္မဋ္ဌာန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္တိမာထံမှ ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်ပေးတော်မူသော ပရိတ်တရားတော်များ နာယူကြသည်။

ယင်းနောက် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရေးအတွက် အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အလှူတော်ငွေကျပ် စုစုပေါင်းသိန်း (၁၀၀၀) အား သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးပိုင်တို့က ပေးအပ်လှူဒါန်းရာ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က လက်ခံရယူခဲ့ပြီး အမှတ်(၆၀၆)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ကိုဦး၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးနှင့် တာဝန်ရှိသူတို့က အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အမှတ်(၆၀၆)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး၊ သထုံတပ်နယ်မှူး၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က သံဃာတော်များထံ လှူဖွယ်များ ဆပ်ကပ်လှူဒါန်းကာ လှူဒါန်းမှုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ အမှတ်(၆၀၆)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ကိုဦး၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်