ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေအမှတ် ၅၀/၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ၊ ၁၂ ရက်နေ့မှာ ပုဂ္ဂလိကပညာရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပါကြောင်း၊ ထိုအသစ်ပြဋ္ဌာန်းလိုက်သသည့် ပုဂ္ဂလိကပညာရေးဥပဒေမှာ အခန်း (၁၆)ခန်းပါရှိကြောင်း၊ ပုဂ္ဂလိကပညာရေးဥပဒေ အခန်း(၇)မှာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များဟုပါရှိကြောင်း ထို့ကြောင့် နေပြည်တော်ကောင်စီ၏ ရုံးအမိန့်အမှတ် (၁၉၉/၂၀၂၃)နှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယခင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ထက်၊ လယ်၊ မူ ကိုယ်ပိုင်ကျောင်း ၅၇ ကျောင်း ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်မှုအနေဖြင့် အထက်တန်းကျောင်း ၄၃ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်းနှင့် မူလတန်းသင်ကျောင်း ၁၇ ကျောင်း၊ စုစုပေါင်း ၆၇ ကျောင်း ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိက ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့က ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိက ပညာရေးကျောင်းများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းတို့ ဆောင်ရွက်ရန် အတွင်းရေးမှူး၊ နေပြည်တော်ပညာရေးမှူး တင်ပြလာသော အသစ်၊ သက်တမ်းတိုး၊ ကျောင်းအဆင့်တိုး၊ စီမံအုပ်ချုပ်သူ ပြောင်း၊ တည်နေရာပြောင်း၊ ကျောင်းအမည်ပြောင်းတင်ပြလာသော ကိုယ်ပိုင်ကျောင်းများကို ၂၀၂၃ ခုနှစ် ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ စိစစ်ထောက်ခံပြီး သက်ဆိုင်ရာအဆင့်ဆင့်သို့ ဆက်လက်တင်ပြနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖွင့်လှစ်ခွင့်တင်ပြလာသော အသစ်လျှောက် ကိုယ်ပိုင်ကျောင်း ၁၅ ကျောင်း၊ သက်တမ်းတိုး ကိုယ်ပိုင်ကျောင်း ၄၁ ကျောင်းနှင့် သက်တမ်းကျန် ကိုယ်ပိုင်ကျောင်း ၂၃ ကျောင်းတို့ကို ၂၀၂၃ခုနှစ် ပုဂ္ဂလိက ပညာရေးဥပဒေနှင့်အညီ ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ပညာရေးမှူး ဒေါက်တာကျော်လွင်က ပြည်ထောင်စုနယ်မြေကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များအားလည်းကောင်း၊ သက်ဆိုင်တာဝန်ရှိသူများကလည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များအားလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)