နေပြည်တော် ဇန်နဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်ပညာရေးမှူးရုံး၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးက ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍတွင် ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ထွန်းလာရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ပြုစုပျိုးထောင်ပေးရာတွင်လည်း ပုံမှန်သင်ကြားရေး အပြင် ၊ ရိုးရာယဉ်ကျေးမှ ဓလေ့ထုံးတမ်းဆိုင်ရာလုပ်ငန်းများကို နားလည်သိရှိပြီး ပါဝင်ဆောင်ရွက်တတ်ရေး၊ အများနှင့် စုပေါင်းဆောင်ရွက်တတ်ရေး နိုင်ငံတော်၏ နေ့ကြီးရက်ကြီးများဆိုင်ရာ အထိမ်းအမှတ်လုပ်ငန်းများကို နားလည်သိရှိပြီး ပါဝင်ဆောင်ရွက်ရေး၊ မိမိနှင့် မိမိပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး ထိန်းသိမ်း စောင့်ရှောက်ပြုပြင်နေထိုင်တတ်ရေး၊ တစ်ကိုယ်ရည်ကျန်းမာရေးမှ ပတ်ဝန်းကျင်ကျန်းမာရေးအထိ တန်ဖိုးသိသိကျင့်ကြံနေထိုင်တတ်စေရေးစသော အရည်အချင်းများနှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးတို့ကို ဦးတည်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကဏ္ဍ၊ အမျိုးသားပညာရည် မြင့်မားရေး အနှစ် ၃၀ နှစ်ရှည်စီမံကိန်းလုပ်ငန်းစဉ်အလိုက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေမှုများနဲ့ ကဏ္ဍအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းဆောင်မှုများကို ထုတ်ဖော်ဂုဏ်ပြုနိုင်ရေးအတွက် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ နှစ်စဉ် ဇန်နဝါရီလ ၃ ရက် နေ့ကိုပညာရေးစုံညီပွဲတော်နေ့အဖြစ်သတ်မှတ်ပြီး ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် အခြေခံပညာကျောင်းများတွင် ပညာရေးစုံညီပွဲတော်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်စဉ်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရန်၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာပြီး၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များ ပေါ်ထွန်းလာရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို ထုတ်ဖော် ဂုဏ်ပြုနိုင်ခြင်းဖြင့်ပညာရေးလုပ်ငန်း ဆောင်ရွက်မှုအရှိန်အဟုန်ကို မြှင့်တင်ရန်၊ အမျိုးသားပညာရည်မြင့်မားရေးလုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း (ပျဉ်းမနား) မှ ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စုကြီး ထာဝရတည်တံ့စေသား” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပျဉ်းမနားခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်ဝင်းဝင်းအေးက ခရိုင်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ အနာဂတ်နိုင်ငံတော်အတွက် အားထားရမယ့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်၊ လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေပြုမူနေထိုင်တတ်တဲ့ အမူအကျင့်များ ရရှိရန်၊ ပြဿနာအခက်အခဲကို ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်စေရန်နှင့် အရည်အသွေး ပြည့်ဝတဲ့ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရေးအတွက် အခြေခံပညာကျောင်းများက သင်ကြားသင်ယူမှု၊ လေ့ကျင့်ပေးမှု၊ နည်းပေးလမ်းညွှန်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုး တိုးတက်ရန်၊ လိုအပ်သလို ဆရာ၊ဆရာမများရဲ့ အရည်အသွေး ပြည့်ဝမှုနဲ့ စွမ်းဆောင်ရည်မြင့်မားမှု၊ ကျောင်းသား၊ ကျောင်းသူများရဲ့ သင်ယူလိုစိတ်ရှိမှု၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တတ်တဲ့ သင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးကာ အရည်အသွေးပြည့်ဝတဲ့ အခြေခံပညာရေးနဲ့ အမျိုးသားပညာရည် မြင့်မားရေးအတွက် ပညာရေး
စီမံခန့်ခွဲမှုအဆင့်မှ တာဝန်ရှိသူများ၊ ဆရာ/မများ၊ သက်ဆိုင်ရာ ဒေသတာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ပညာရေးစေတနာရှင်များ ၊ ကျောင်း အကျိုးတော်ဆောင်များ၊ မိဘပြည်သူများ အားလုံး ဝိုင်းဝန်း ကြိုးပမ်း အကောင်ထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ တက်က္ကသိုလ်ဝင်စာမေးပွဲ၊ အောင်ချက်အကောင်းဆုံးမြို့နယ်များ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဘက်စုံထူး ချွန် ရရှိခဲ့ကြသူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုန်းပြိုင်ပွဲတွင် ခရိုင်အဆင့် ဆုရရှိသူများ၊ Sakura Science High School Program(SSHP) in JFY 2023 ခရိုင်အဆင့် ဆုရရှိသူ နှင့် National ICT Awards-2023 ပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရရှိသူများကို ဆုများပေးအပ်ခြင်းနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နေပြည်တော်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပျဉ်းမနားခရိုင်ပညာရေးမှူးရုံးမှ အမှုထမ်း၊ အရာထမ်းများ၊ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ဆရာမကြီးများကို ဂုတ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက “ရွှေမြန်မာ၊ ပန်းကမ္ဘာမျှော်စင်၊ ၃၈ ဖျာမင်္ဂလာ၊ ပြည်ထောင်စု၏ ထာဝရအလှ၊ ဦးရွှေရိုးဒေါ်မိုး၊ ဗိုလ်ရှုသဘင်၊ တောင်ယာဝင်ချိန်၊ အလှကမ္ဘာမြေ၊ ဇာတိမာန်” စသည့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အနေနဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ရရှိခဲ့ကြသူ ၆ ဦး ၊ Sakura Science High School Program (SSHP) in JFY 2023 ခရိုင်အဆင့် ဆုရရှိသူ ၁ ဦး ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းဆင့် ၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် (စာစီစာကုံး) ဆုရရှိခဲ့သူ ၉ ဦး၊ National ICT Awards ဆုရရှိခဲ့သူ ၆ ဦး နှင့် (၇၆)နှစ်မြောက်အထိမ်းအမှတ် အားကစားပြိုင်ပွဲဆုရရှိသူ ၂၅ ဦး၊ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အကောင်းဆုံးမြို့နယ်ဆု ၂ ဆု စုစုပေါင်း ဂုဏ်ပြုဆု ၄၉ ဆု ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)