မြစ်ကြီးနား ဇန်နဝါရီ ၁၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူမျးနှင့်အတူ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲက ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့ရှိ စံပြစိုက်ကွင်းများအတွင်း လယ်သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း စနစ်ကျစက်မှုလယ်ယာ ဧက ၁၀၀ ၌ မိုးစပါးရိတ်သိမ်းအပြီး လယ်သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အဆိုပါ ဧက ၁၀၀ အတွင်း နေကြာ၊ ပဲပုပ်၊ ဖူးစားပြောင်း၊ မြေထောက်ပဲ စသည့် သီးနှံစုံအကန့်လိုက် စိုက်ပျိုးခြင်း (Strip Cropping) စံပြစိုက်ကွက်အား တောင်သူအသိပညာပေး စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တောင်သူများ၏ လယ်များတွင် ပဲပုပ်၊ နေကြာသီးညှပ်စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို တောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တောင်သူများ ဆောင်းသီးထပ်ပဲပုပ်နှင့် နေကြာသီးညှပ်စိုက်လယ်များအတွင်း စိုက်ပျိုးရေလုံလောက်မှုရှိစေရေး စက်ရေတွင်း (၄)တွင်းအား အဝီစိတွင်းများ တိုးချဲ့တူးဖော်နိုင်ရေးနှင့် ဝါရှောင်ရေလွှဲဆည်ရှိ ပင်မမြောင်းမကြီးမှတစ်ဆင့် လက်တံမြောင်းမှ ရေလွှတ်နိုင်ရေးအတွက် ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးနှင့် စိုက်ကွင်းများအတွင်း အမြန်ဆုံးရေလွှတ်တင်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝိုင်းမော်မြို့နယ် မုတ်လွှဲကွင်းသို့ သွားရောက်ပြီး မုတ်လွှဲကွင်းအတွင်း ဆောင်းသီးထပ်စိုက်ပျိုးနိုင်ရေး ခြံဝန်းကာရံထားရှိမှုအခြေအနေနှင့် စိုက်ပျိုးရေးဦးစီးဌာနက သီးနှံစုံအကန့်လိုက်စိုက်ပျိုးခြင်း တောင်သူအသိပညာပေး စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မုတ်လွှဲကွင်း ဧက ၂၀ ကျော်တွင် ပဲပုပ်နှင့်နေကြာသီးညှပ်စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရေတွင်း ၃ တွင်းမှ စိုက်ပျိုးရေဖြန့်ဝေပေးနိုင်မှု အခြေအနေများကို ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ဧက ၄၀ လုံးတွင် သီးထပ်စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့်စိုက်ပျိုးရေ လုံလောက်ဖူလုံမှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဗလမင်းထင် စံပြစိုက်ကွင်းအတွင်း ဆောင်းသီးထပ်စိုက်ပျိုးနိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆိုလာစက်ရေတွင်း (၁၃) တွင်း တူးဖော်ထားပြီး ပင်မမြောင်းကြီးအား ပြန်လည်တူးဖော်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တပ်ကုန်းကွင်းအတွင်း လယ် ၂၅ ဧကတွင် သီးထပ်စိုက်ပျိုးထားရှိမှုအပေါ် တိုးချဲ့စိုက်ပျိုးနိုင်ရေး နှင့် မန်ခိန်ကွင်းအတွင်း လယ် ၇၅ ဧကအနက် လယ် ၆၅ ဧက သီးထပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ညနေ ၅ နာရီခွဲတွင် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အောင်ပွဲအထိမ်းအမှတ် ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် အရာထမ်း/ အမှုထမ်း (၅၀၀)ဦးတို့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအသီးသီးတွင် တက်တက်ကြွကြွဖြင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ပေးခဲ့သည့်အပြင် ပွဲတော်ကာလအတွင်း တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ် ပါ၍ ယခုလို မိမိတို့ရဲ့ လုပ်ငန်းတာဝန်များအပေါ် စည်းလုံးညီညွတ်၊ စိတ်အားထက်သန်စွာ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအားလုံးကို မိမိတို့ကချင်ပြည်နယ်အစိုးရအဖွဲ့က မှတ်တမ်းတင်ဂုဏ်ယူပါကြောင်းနှင့် အထူးပင်ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားပြီး အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ ပျော်ရွှင်စွာသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်