အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်

ရန်ကုန်    အောက်တိုဘာ    ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သည် နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းမကြီး၊ အဝေရာလမ်းတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် AE ဦး ဟန်ကျင်မှ တာဝန်ယူဆောင်ရွက်နေသည့် မြောင်းဖော်ခြင်းလုပ်ငန်းခွင်၊ ကမ်းနားအလယ်ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းအရှေ့နှင့် အနောက် Box Culvert များ ဆောင်ရွက်နေသည့် မြောင်းဖော် အုတ်စီ၊ မြောင်းဖုံး ဆောင်ရွက်နေသည့် လုပ်ငန်းခွင်၊ အင်းစိန်ခုံးကျော် တံတားအောက် Box Culvert မှ နုံးတူးဖော် ခြင်းလုပ်ငန်းခွင်နှင့် အောက်မင်္ဂလာဒုံလမ်းဘေးရှိ လမ်းနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်များ ရှင်းလင်း ခြင်းလုပ်ငန်းခွင်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် နေသည့် လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းများနှင့်အညီ အမြန်ပြီးစီးရေးကို မှာကြားခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)