Mico Hill Resort(Pyin Oo Lwin)မှ ပြင်ဦးလွင်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များသို့ အလှူငွေပေးအပ်ပွဲနှင့် မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးလမ်း၊ ကုန်းဘော(ရပ်)ရှိ Mico Hill Resort(Pyin Oo Lwin)မှ ပြင်ဦးလွင်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များဖြစ်သည့် သန္တိသုခလူမှုကူညီရေးအသင်း၊ မဟာပီတိသွေးလှူရှင်အသင်း၊ နှလုံးလှကြယ်စင်သွေးလှူအသင်း၊ အနှိုင်းမဲ့မေတ္တာရှင် လူမှုစောင့်ရှောက်ရေးအသင်း၊ မဟာဂန္ဓာရုံဓမ္မစကူးလ်နှင့် အ.လ.က (ကုန်းဘော)ကျောင်းများသို့ အလှူငွေပေးအပ်ပွဲနှင့် မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက Mico Hill Resort (Pyin Oo Lwin) တွင် ကျင်းပကြောင်း သိရသည်။   

အခမ်းအနားတွင် Mico Hill Resort (Pyin Oo Lwin) တည်ထောင်သူ ဒေါ်တင်မူယာက လူမှုကူညီရေးအသင်းအဖွဲ့များသို့ အလှူငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် Mico Hill Resort (Pyin Oo Lwin) ၏ လုပ်ငန်းဆောင်ရွက်နေမှုအကြောင်းများ ဦးစွာရှင်းလင်းပြောကြားသည်။  ထို့နောက် အလှူငွေများအား အသီးသီးပေးအပ်လှူဒါန်းရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အသီးသီးလက်ခံရယူသည်။

ထို့နောက် Mico Hill Resort (Pyin Oo Lwin) မှ အလှူငွေပေးအပ်လှူဒါန်းမှုနှင့်  မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့မှုအပေါ် ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာသက်နိုင်(ပြင်ဦးလွင်)က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် လူမှုရေးအသင်းအဖွဲ့များ၏ကိုယ်စား သန္တိသုခလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ Mico Hill Resort (Pyin Oo Lwin) ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ပြီး ၂၀၁၉ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပထမဆုံးစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  အကျယ်အဝန်း ၆ ဧကရှိသော Mico Hill Resort (Pyin Oo Lwin) တွင် ကလေး/လူကြီး နားခိုအပန်းဖြေနိုင်မည့် မြက်ခင်းပြင်များ၊ ကလေးကစားကွင်းများနှင့် ရာသီပန်းများဖြင့် အလှဆင်ထားသော ပန်းခြံတစ်ခုအဖြစ်ပုံဖော်ကာ ပြင်ဦးလွင်မြို့၏ အလှအပများကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ရန် မြေပြင်မှ ပေ ၄၀ အမြင့်ဖြင့် တည်ဆောက်ထားသော The Sign of Love အသည်းတံတားအပါအဝင် လှပသော Photo Booths များ၊ စားသောက်ဆိုင်နှင့် မိသားစုများ လာရောက်တည်းခိုနိုင်မည့် ဘန်ဂလိုပုံစံ ဟိုတယ်ခန်းများလည်း ပါဝင်သည့် resort တစ်ခုဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )