ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက “စုံညီပွဲတော်ဒို့နွဲပျော်”တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများက ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရှင် (၉၀)ဦးအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲတွင် တစ်ဦးချင်းဆိုင်းနှင့် ပတ္တလားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသော မကြာဖြူအားလည်းကောင်း၊ ဗဟိုအဆင့် စောင်းတူရိယာအတီးပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသော မဝေလျှံလင်းအားလည်းကောင်း၊ မြို့နယ်အဆင့် ဥာဏဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ ခရိုင်၊ တိုင်းအဆင့် ဥာဏဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ ခရိုင်၊ တိုင်းအဆင့် ကာယဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရဿည်။
အေးမဉ္ဇူ