ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒဂုံအရှေ့ ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ လင်းရောင်ခြည်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမင်းက စာကြည့်တိုက်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းကိုယ်စား ရန်ကုန်စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်မှူး ဒေါ်မင်းမင်းမိုးမှ စာကြည့်တိုက်ဆိုင်ရာ သိသင့်သိထိုက်သောအကြောင်းအရာများကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှအတွင်းရေးမှုး ဒေါ်တိုးကြည်-မြကြေးမုံ(ရတနာဆောင်)က စာပေနှင့်ပတ်သက်သောအကြောင်းအရာများကို ပြောကြားခဲ့ပြီး ဆရာရိုးပြေပြစ်အောင် (အယ်ဒီတာချုပ်) အကယ့်ဒမစ်စာပေတိုက်မှ စာအုပ်၊ စာပေများနှင့်ပတ်သက်သောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လင်းရောင်ခြည်စာကြည့်တိုက်အတွက် စာအုပ်များ လှူဒါန်းပေးသော စာအုပ်အလှူရှင်များအား ဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့ကြပြီး စာကြည့်တိုက်ဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြ​ကြောင်း သိရသည်။

ဖူးမို(ပြန်/ဆက်)