ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ (၁၅း၀၀)နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာဦးကျော်ကျော်လှိုင်က "လူငယ်နှင့်ဘဝမြှင့်တင်ရေး’’ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကျောင်းသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အေးမဉ္ဇူ