ညောင်ဦး ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် ဖောင်းလုံးကြီးများနှင့် ခေါင်းလောင်းတော်ကြီး ရွှေသင်္ကန်း ကပ်လှူနိုင်ရန်အတွက် သစ္စေးပုံးများဝယ်ယူနိုင်ရေး ဈေးပြိုင်တင်ဒါခေါ်ယူပွဲအခမ်းအနားကို ရွှေစည်းခုံဘုရားကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်မဏ္ဍပ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သစ္စေးပုံးများဈေးပြိုင်တင်ဒါခေါ်ယူပွဲအခမ်းအနားတွင် ရွှေစည်းခုံဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်ခြင်းလုပ်ငန်း ဦးစီးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားကာ တင်ဒါစည်းကမ်းချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရွှေသင်္ကန်းတင်ဒါလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းမောင်မြင့်မှ ရှင်းလင်းပြောကြားကာ သစ္စေးတင်ဒါဈေးပြိုင်စနစ်ဖြင့် ပေးသွင်းမည့်သူများနှင့် ရွှေလုပ်ငန်းဆောင်ရွက်လိုသူများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်ပတ်သက်၍ မရှင်းလင်းသည့် ကိစ္စရပ်များ ဆွေးနွေးနိုင်ကြောင်း သုံးကြိမ်သုံးခါပြောဆို၍ ဆွေးနွေးစေကာ သစ္စေးဈေးပြိုင်တင်ဒါစနစ် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဖောင်းလုံးကြီးများနှင့် ခေါင်းလောင်းတော်ကြီးကို ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် သစ္စေးပုံးများ ဈေးပြိုင်တင်ဒါခေါ်ယူပွဲကျင်းပခြင်းအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ ရွှေစည်းခုံစေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သစ္စေးပုံးဈေးပြိုင်တင်ဒါဆွဲမည့်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြာမှောက်၊ ကြာလန်နှင့် ရွဲတို့မှအပ ရွှေစည်းခုံစေတီတော်ကြီးအား မျက်ပါးရွှေဆိုင်း (၂၆၀၀၀)ဖြင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ နှစ်လက်မပတ်လည် မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ ညောင်ဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံတို့တွင်လည်း KBZ Pay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဒီပါလင်း