နမ့်စန်တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်စီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲဆောင်ရွက်

နမ့်စန်(တ) ဇန်နဝါရီ ၁၃

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်စီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ကွက်ရှုတ်ချပွဲ တက်ရောက်ကြသူများသည် နံနက် ၈ နာရီခွဲတွင် အမှတ်(၄)ရပ်ကွက် မြို့မအ.ထ.ကရှေ့၊ အမှတ်(၂)ရပ်ကွက် အ.ထ.က(နမ့်စန်)အားကစားကွင်းရှေ့နှင့် အမှတ်(၅)ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံရှေ့တို့ရှိ စုရပ်များမှစတင်၍ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့် ဘုရားစေတီ၊ ဆင်းတုတော်များအား ဖျက်ဆီးသူဒို့ရန်သူ၊ ဘုရားစေတီများအား ဖျက်ဆီးသူသာသနာဖျက် မိစ္ဆာသောင်းကျန်းသူများ ကျဆုံးပါစေ၊ ဒို့ဘာသာသာသနာဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား ဆန့်ကျင်ကြ၊ အကြမ်းဖက်အားပေးလောက်ကောင်များ အားအလိုမရှိ၊ သာသနာဖျက်အကြမ်းဖက်သမားများအားအလိုမရှိ စသည့်ကြွေးကြော်သံများဖြင့် လှည့်လည်ချီတက်‌ကြွေးကြော်၍ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ကျောက်တိုင်အားကစားကွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုခဲ့ကြသည်။

ထို့နောက် တပ်ဦးဘုန်းတော်ကြီးကျောင်းမှသံဃာတော် ဦးလာဘနှင့် အမှတ်(၄)ကျေးရွာမှ ဦးဝင်းမောင်တို့က ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချရေးဆိုင်ရာများ ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများက ထောက်ခံကြိုဆို၍ ကန့်ကွက်ရှုတ်ချပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကန့်ကွက်ရှုတ်ချပွဲသို့ နမ့်စန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များ၊ သာမဏေများ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း(၃၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)