ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဆုများချီးမြှင့်

မြစ်ကြီးနား ဇန်နဝါရီ ၁၃

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအားကစားမြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများမှာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေသကဲ့သို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီး၌လည်း စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ဖြစ်ပါ၍ ဒီလိုအခွင့်ကောင်းအခြေအနေတွင် စာလည်းတော်ပြီး ကိုယ်ခန္ခာကြံ့ခိုင်ဖွံ့ဖြိုးသည့် ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်လူငယ်အင်ဂျင်နီယာများ ထွက်ပေါ်လာမည်ဟု ခိုင်မာစွာယုံကြည်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးက တက္ကသိုလ်အားကစားပြိုင်ပွဲများအတွက် ထောက်ပံ့ငွေကျပ် ၁၀ ကို ဒုတိယပါမောက္ခချုပ် ဒေါက်တာ မင်းမင်းဦးထံ ထောက်ပံ့ပေးအပ်ရာ ဒုတိယပါမောက္ခချုပ်က ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ သင်တန်း‌ရေးရာဌာနမှူးနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးက အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့အားလည်းကောင်း တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)