မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအတွက် ယာယီမဲရုံ ၁၂၁ ရုံ တည်ဆောက်ပေးမည်

မန္တလေး အောက်တိုဘာ ၂၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း မဲရုံအခက်အခဲရှိသည့် နယ်မြေများမှ မဲပေးခွင့်ရှိသူ များ ဆန္ဒမဲပေးနိုင်ရေးအတွက် ယာယီမဲရုံများ တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတား ဦးစီးဌာနမှ တည်ဆောက် မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ ယာယီမဲရုံများကို နိုဝင်ဘာ ၅ ရက်နေ့တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ရာ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီတို့က ကြီးကြပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောသည်။

သက်ဆိုင်ရာ မဲဆန္ဒနယ်က ရပ်ကွက်နဲ့ကျေးရွာတွေမှာ မဲရုံလုပ်ဖို့ စာသင်ကျောင်းမရှိတာ အများသုံးဆောက်အအုံနဲ့ ဓမ္မာရုံမရှိတာ အဲဒါမျိုးနေရာမှာ ယာယီမဲရုံဆောက်ပေးမယ်။ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးကော်မတီက ကြီးကြပ်မှာပါ။ ခုလို ယာယီမဲရုံဆောက်တာက ၂၀၂၀ ရွေးကောက်ပွဲတင်မဟုတ်ဘူး။ အရင်ရွေးကောက်ပွဲတွေမှာတုန်းကလည်း လုပ်ခဲ့တယ်ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံပြုလုပ်နိုင်သည့် အဆောက်အအုံများမရှိသည့် ရပ်ကွက်/ကျေးရွာ များတွင် အလျားပေ ၄၀ အနံပေ ၂၀ ရှိ ယာယီမဲရုံပေါင်း ၁၂၁ ခုတည်ဆောက်ရန်ရှိပြီး ယခုကဲ့သို့ ယာယီမဲရုံများတည်ဆောက် သွားမည်ဖြစ်၍ မဲရုံပြင်ပတွင် ဝန်ထမ်း ၅ ဦးက လာရောက်မဲပေးသူ များကို ကျန်းမာရေးစည်းကမ်းချက်များနှင့် ညီညွတ်ရန် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်နဲ့ ကျေးရွာအချို့မှာ မဲရုံလုပ်စရာမရှိလို့ ဆောက်ပေးတာ။ ဝန်ထမ်း ၅ ဦးက အပူချိန် တိုင်းတာ၊ လက်သန့်ဆေးရည်နဲ့ နှာခေါင်းစည်း တပ်ပေးတာတို့၊ လူစုလူဝေးမဖြစ်ဖို့ Social Distancing ကိုက်ညီအောင် ကူညီကြမယ်။ ကိုယ်အပူချိန်မြင့်သူကို မဲရုံထဲအဝင်မခံဘူး။ တွေ့ရင် ကျန်းမာရေးဝန်ထမ်းတွေက ဆေးရုံပို့ပေးမယ်။ဟု ဆက်လက်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် မဲရုံပေါင်း ၅၄၄၇ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၄၇ သိန်းကျော်ရှိကာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွတ်တော်၊ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်များအတွက် မဲပုံး ၃ ခုနှင့် တိုင်းရင်းသားပါတီမဲပေးရမည့် နယ်မြေများတွင် ၎င်းတို့အတွက် မဲပုံးတစ်ပုံး ထပ်မံ ထားရှိပေးသွားမည် ဖြစ်ကြောင်း၊ မဲရုံအဝင်တွင် ကျန်းမာရေးနှင့် အခြားဌာနမှဝန်ထမ်း ၅ ဦးတို့က ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြာင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)