မိုင်းဖြတ်၌ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများကိုးကွယ်သည့် ဘုရားစေတီများအား ဖျက်ဆီးသည့်အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

မိုင်းဖြတ်  ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဗုဒ္ဓဘာသာဝင်၊ မြန်မာတိုင်းရင်း သားများကိုးကွယ်လျက်ရှိသည့် ဘုရားစေတီများအား ဖျက်ဆီးသည့် အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲကို ဇန်နဝါရီ ၁၃ရက်၊ နံနက် ၈နာရီခန့်က ဝမ်မိုင်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝမ်မိုင်ရပ်ကွက်၊ ဘောလုံးကွင်း၌ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် တာဝန်ရှိသူ များက ဘုရား၊ စေတီပုထိုးများအား အကြမ်းဖက်သမားများက ဖျက်ဆီးခြင်းအပေါ်  အလိုမရှိကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

 ထို့နောက် ဦးစိုင်းစီလီဝန်းတစ်ဦးဆောင်၍ ဝမ်မိုင်ဘောလုံးကွင်းမှတဆင့် သံဃာတော်များ၊ ပြည်သူလူ ထုအင်အား (၇၇၀) ဦးခန့်သည် ကန့်ကွက်ရှုတ်ချသည့် စာသားဗွီနိုင်များကိုင်ဆောင်၍ ကြွေးကြောသံများနှင့်အတူ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မြို့တွင်းသို့စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပြီး နံနက် ၉နာရီ ၄၅မိနစ်ခန့်တွင် လူစုခွဲခဲ့ကြောင်း သိရသည်။