ချမ်းအေးသာစံ ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂) ထပ်ဆောင်အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းကကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ပြည်တွင်းစားရေရိက္ခာဖူလုံရေး၊ သွင်းကုန်အစားထိုးတိုးမြှင့်ထုတ်လုပ်နိုင်ရေး နှင့် ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးအတွက် ရည်မှန်းချက်များ၊ မူဝါဒများ ချမှတ်ပြီး အလေးထားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်သည့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ကောင်းများဖြစ်ပေါ်စေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားမြှင့်တင်ဆောင်ရွက်ရာတွင် Investor Targeting စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံသူများအား တိကျသည့်သတင်းအချက်အလက်များပေးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့်သက်ဆိုင်သည့် အလားအလာ၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို ဖော်ထုတ်၍ လုပ်ထုံးလုပ်နည်းများဖြေလျော့ပြီး လွယ်ကူလျင်မြန်အောင် ဌာနများအချင်းချင်း အချိတ်ဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍများကို မြှင့်တင်ဆောင်ရွက်၍ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှုအတည်ပြုမိန့်များကို မြန်ဆန်သွက်လက်စွာ စိစစ်ခွင့်ပြုချထားပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်ပတ်သက်၍ အခက်အခဲများမရှိစေရေး လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခြေအနေများအပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလျှောက်ထားလာသည့် ကုမ္ပဏီများမှတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကြုံတွေ့နေရသည့်အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်