ညောင်ဦး ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှိ အေဒီ ၁၂ ရာစု မယ်တော်မာယာဖွားတော်မူခန်း သဲကျောက်ဖြင့်လက်ရာမြောက်စွာထုဆစ်ထားသည့်ပုံစံကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက် ပင်မပြခန်းတွင်ပြသထားသည့် အေဒီ ၁၂ ရာစု မယ်တော်မာယာဖွားတော်မူခန်း သဲကျောက်ဖြင့်ထုဆစ်ထားသည့်လက်ရာသည် အမြင့် ၁၁၅ စင်တီမီတာ၊ ဗျက် ၆၄.၅ စင်တီမီတာ၊ ထု ၃၃ စင်တီမီတာရှိပြီး ပုဂံမြို့ဟောင်းရှိ မြင်းကပါဂူပြောက်ငယ်ဘုရားမှရရှိခဲ့ကာ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြသထိန်းသိမ်းထားကြောင်းလေ့လာတွေ့ရှိနိုင်ပြီး မယ်တော်မာယာသည် လုံမ္မနီဥယျာဉ်အတွင်း၌ အင်ကြင်းကိုင်းကိုကိုင်မှီလျက် မဟာပဇာဂေါတမီက ဘယ်ဘက်ဘေးမှ အစ်မတော်အားဘေးမှထောက်ကူလျက် အလောင်းတော်သည် မယ်တော်၏ လက်ယာနံထောင့်အထက်၌ ပေါ်ထွက်လာဟန် သဲကျောက်ဖြင့်ထုဆစ်ပုံဖော်ထားသည်ကိုလေ့လာတွေ့ရှိနိုင်သည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးထဲတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ရိုးပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည်ဖြင့် ပြခန်း(၁၀) ခန်းခင်းကျင်းပြသထားကြောင်းသိရသည်။
ဒီပါလင်း