မိုင်းဆတ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အ.လ.က(နားကော)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူးရုံး၊ ပညာဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေခြည်စောက အမှာစကား ပြောကြားခဲ့ပြီး အ.လ.က(နားကော)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးပြုံးကြည်က ကျောင်းဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းဆိုင်ရာများနှင့် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြသည့် ကျောင်းကော်မတီဝင်များကို ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းနှင့်တာဝန်ရှိသူတို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ကြားရေးဆုရရှိသော ဆရာ၊ဆရာမများနှင့် ဆုရရှိသည့်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကျောင်းသား၊ကျောင်းသူလေးများ၏ အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ဆုတော်ငွေများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)