ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများအား အခမဲ့ခွဲစိတ်ကုသပေး

ညောင်ဦး  ဇန်နဝါရီ  ၁၃

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ညောင်ဦးခရိုင်၊ ကုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများက ဇန်နဝါရီ ၁၁ ရက်နေ့က လိုအပ်သောသွေးစစ်ဆေးမှုနှင့် ဓာတ်မှန်ရိုက်ခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၃၅ ဦး ကြည့်ရှုစစ်ဆေးပေးနိုင်ခဲ့ ပြီး ၄င်းတို့အနက်မှ ကျန်းမာရေးကောင်းမွန်ပြီး ခွဲစိတ်ရန်သင့်တော်သည့် နှုတ်ခမ်းကွဲ၊ အာ ခေါင်ကွဲလူနာ ၂၄ ဦးအား ကုသရေးဌာနအောက်ရှိ  မန္တလေးပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီး၊ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ်(မန္တလေး)တို့မှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ခွဲစိတ်ကုသနေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုစင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေး၍အာဟာရနှင့် လက်ဆောင်ပစ္စည်းများ၊ အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပြီး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)တို့က လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း