မိုင်းဆတ်မြို့၌ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီ ပုထိုးများကို ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီပုထိုးများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နံနက်(၉)နာရီခွဲက မိုင်းဆတ်မြို့ပေါ်ရပ်ကွက်အတွင်းရှိ  သဗ္ဗညုဘုန်းတော်ကြီးကျောင်းရှေ့မှ စတင်၍ ကျဒယ်လမ်းဆုံ ထိုမှတစ်ဆင့် မြို့မဈေးလမ်းဆုံမှ အ.ထ.က(မိုင်းဆတ်) ကျောင်းရှေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲတွင် အမျိုးသားရေးထောက်ခံသူ ဓာတ်စွမ်းဟုန်ကျောင်းတိုက်မှ ဆရာတော်  ဥူးခေမိန္ဒက သာသနာတော်နှင့် နိုင်ငံတော်အားစောင့်ရှောက်ရန် ဗုဒ္ဓဘာသာဝင် နိုင်ငံသားတိုင်း တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူ အကြမ်းဖက် သမားများအား ဆန့်ကျင်သင့်ကြောင်း၊ လိုအပ်ပါက တပ်မတော်နှင့်အတူ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းရွက်ဖို့ အဆင်သင့်ရှိနေမည်ဖြစ်ကြောင်း စသည်ဖြင့်ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသော မိုင်းဆတ်မြို့ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ အင်အား ၁၀၀၀ ခန့်သည် “အမျိုးဘာသာ သာသနာကို ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များအား(ချေမှုန်းကြ၊ ချေမှုန်းကြ)၊ “ပြည်ပဩဇာခံ ပြည်ဖျက်မိစ္ဆာများ အလိုမရှိ၊ “လမ်းတံတားများကိုဖျက်ဆီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာများ အလိုမရှိ၊ “ပြည်သူတွေရဲ့အသက်ကိုရောင်း ဒေါ်လာတောင်းစားနေသည့် ခွေးဝဲစား ပြည်ဖျက်မိစ္ဆာများ အလိုမရှိ၊ “နိုင်ငံတော်နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ စသည့် စာသားပါဗီနိုင်းများကိုင်ဆောင်၍ “သာသနာကိုဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး (ဒို့အရေး၊ ဒို့အရေး)၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်ဆီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ (ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ)၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ (ကျဆုံးပါစေ၊ ကျဆုံးပါစေ)၊ ဟူသော ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပြီး ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြောင်း သိရသည်။

မောရှမ်းမြေ