ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး အဝင်/အထွက် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာရှိ လုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစခန်း(လှည်းကူး) တည်ဆောက်ပြီးစီး၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါစစ်ဆေးရေးစခန်း၌ ကျင်းပခဲ့သည်။
လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧရာဝတီဖောင်ဒေးရှင်းနှင့် Max Highway Co.,Ltd တို့မှ တာဝန်ရှိသူများက လှူဒါန်းခဲ့ကြသည့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစခန်း(လှည်းကူး)နှင့် မြို့နယ် ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ် ၁၀ သိန်း၊ Surgical Mask ၅၀၀၀ ခု၊ PPE ဝတ်စုံ ၁၅၀၊ Face Shield ၂၀၀ ခု၊ လှည်းကူးမြို့နယ် ပရဟိတစေတနာ့ဝန်ထမ်းများအတွက် အလှူငွေကျပ် ၅ သိန်း၊ Surgical Mask ၂၀၀၀ ခု၊ PPE ဝတ်စုံ ၅၀၊ Face Shield ၂၀၀ ခုတို့အား လက်ခံရယူပေးခဲ့ကြသည်။
ထို့နောက် ဝန်ကြီးဦးနိုင်ငံလင်း၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တာဝန်ရှိသူများသည် စခန်းအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း မရှိ စေရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့၏ ဦးဆောင်မှုများဖြင့် အဆိုပါစခန်းအား ဧရာဝတီ ဖောင်ဒေးရှင်းနှင့် Max Highway Co., Ltd တို့မှ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ယနေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီတို့မှ စတင်စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)