မြစ်ကြီးနား ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများကို ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အခမ်းအနားများ ကျင်းပဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အားနည်းချက်/ အားသာချက်များအပေါ် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များအား နွေးထွေလှိုက်လှဲစွာ ကြိုဆိုကျင်းပနိုင်သည့်အတွက် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဒါ့အပြင် အောက်ခြေမှအားလုံးကို ဖြည့်ဆည်းလုပ်ကိုင် ဆောင်ရွက်သူဝန်ထမ်းငယ်များကိုလည်း ကျေးဇူးတင်ကြောင်းထပ်လောင်းပြောကြားလိုပါကြောင်း၊ သို့သော်လည်း ယခုလို အခမ်းအနားများကို ပိုမိုအဆင်ပြေချောမွေ့ပြီး လွယ်ကူကောင်းမွန်တဲ့စီမံမှုများဖြစ်စေရေး အားနည်းချက် /အားသာချက်များအပေါ် ဝိုင်းဝန်းသုံးသပ်ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ အားနည်းချက်/အားသာချက်များအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးတင်ပြပြီး ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများက တာဝန်ယူဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ အခက်အခဲ၊ လိုအပ်ချက်များ၊ လာမည့်နှစ်များတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဆပ်ကော်မတီအလိုက် အားနည်းချက်/ အားသာချက်များအပေါ် စနစ်တကျ စိစစ်လေ့လာမှတ်သားပြီး ပိုမိုကောင်းမွန်သည့်အစီအမံများဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)