မြစ်ကြီးနား ဇန်နဝါရီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အတူ ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း မဂျွယ်ခန်းမ၌ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းပွဲသို့ တက်ရောက်အားပေး ခဲ့ကြသည်။
အဆိုပါ ကျေးဇူးတော်ချီးမွမ်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ခဲ့ကြရာ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ကျေးဇူးတော်ချီးမွမ်းပွဲတွင် ကက်သလစ်အသင်းတော် ဆရာတော်များ၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်များ သိက္ခာတော်ရဆရာများက အဖွင့်ကျမ်းစာဖတ်ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းသီဆိုခြင်းတို့ကို အတူတကွဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက မိမိတို့အနေဖြင့် ၂၀၂၃ ခုနှစ်ကို အခက်အခဲများ၊ လိုအပ်ချက်များ၊ ပျှော်ရွှင်ဝမ်းနည်းမှုများဖြင့် အကောင်းမွန်ဆုံးကျော်ဖြတ် လာနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကျန်းမာပျှော်ရွှင်စွာ၊ ချစ်ခြင်းမေတ္တာနှင့်အတူ ငြိမ်းချမ်းခြင်းစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံတိုးတက်စေရေး တိုင်းရင်းသားအားလုံးက ချစ်ခင်ရင်းနှီးစွာ အတူတကွလက်တွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အတူ ဂိုဏ်ပေါင်းစုံ ခရစ်ယာန်အသင်းတော်ဖာသာများနှင့် ဆရာတော်များ အနေဖြင့်လည်း ၂၀၂၄ ခုနှစ်ကို ငြိမ်းချမ်းစွာဖြတ်သန်းနိုင်ရေး ဆုတောင်းမေတ္တာဖြင့် ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး စည်းလုံးညီညွတ်မှုဖြင့် အတူတကွပူးပေါင်းပါဝင်ကြရေး တိုက်တွန်းမှာကြားပြီး သိက္ခာတော်ရ ဆရာတော်က ဓမ္မဒေသနာတော်ဟောကြားခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုဆက်ကပ်ခြင်းနှင့် ဆုတောင်းမေတ္တာပို့ကောင်းချီးပေးဆုတောင်းခြင်းတို့ကို အတူတကွပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်တူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ Grace Happy Land မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးကျောင်းသို့ သွားရောက် သည်။
အဆိုပါကျောင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ကျောင်းအုပ်နှင့်ကလေးငယ်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံပြီး ၂၀၂၄ ခုနှစ် နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း၊ ကလေးများအနေဖြင့် ပညာတတ်များဖြစ်အောင် သင်ကြားပြီး မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ်၊ မိမိတို့ရပ်/ရွာအကျိုးပြုသော အနာဂတ်နိုင်ငံခေါင်းဆောင်များ ဖြစ်လာစေရန် ကြိုးစားကြရန်လိုကြောင်း အားပေးမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးတို့က ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ရာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကျောင်းသား ကလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကလေးများအားမုန့်များကို လိုက်လံကျွေးမွေးခဲ့ကြသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်း မျက်မမြင်သင်တန်းကျောင်းသို့လည်း သွားရောက်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကာ မျက်မမြင်ကျောင်းအုပ်ကြီးထံ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)