အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး စက်ဘီးအသင်းအား ကြိုဆိုဂုဏ်ပြုစံချိန်သစ် နှစ်ခုတင်နိုင်ခဲ့ပြီး အမျိုးသားအသင်းက သုံးနှစ်ဆက်တိုက် တံခွန်စိုက်ဆုရရှိခဲ့

မန္တလေး ဇန်နဝါရီ ၁၃

၂ဝ၂၃-၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆုများ ရရှိခဲ့ကြသော မန္တလေးတိုင်းဒေသကြီး စက်ဘီးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက မန္တလေး၊ ချမ်းအားသာစံမြို့နယ်၊ လမ်း ၃၀၊ ဗထူးအားကစားကွင်းရှိ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံတွင် ပြုလုပ်သည်။

အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်လင်းအောင်ထံ  အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး စက်ဘီးအသင်းက အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများ အပ်နှံကြသည်။ ထို့‌နောက် တိုင်းဒေသကြီးဦးစီးမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး စက်ဘီးအသင်းမှ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ပေးကြကာ မန္တလေးတိုင်းဒေသကြီး စက်ဘီးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေရှင်းလင်တင်ပြသည်။

အခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးဦးမြင့်ခိုင်၊ အားကစားနှင်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်အားကစားမှူးများ၊ တိုင်းဒေသကြီးစက်ဘီးဆပ်ကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းဟန်နှင့်တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ တက်ရောက်ကြသည်။

၂ဝ၂၃-၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပရာ ပြည်နယ်နှင့်တိုင်းများမှ အသင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး မန္တလေးတိုင်းအသင်းအနေဖြင့် အမျိုးသားအသင်းက ရွှေတစ်ဆု၊ ငွေနှစ်ဆုနှင့် ကြေးတစ်ဆုဖြင့် တံခွန်စိုက်ဆုကိုလည်းကောင်း၊ အမျိုးသမီးအသင်းက ရွှေတစ်ဆု၊ ငွေသုံးဆုနှင့် ကြေးတစ်ဆုဖြင့် တံခွန်စိုက်ဆုကိုလည်းကောင်း၊ စုပေါင်းတံခွန်စိုက် ဆုကိုလည်းကောင်း ရရှိဆွတ်ခူးခဲ့သည်။ ထို့အပြင် မီတာ ၁၀၀၀ စက်ဘီးစီးပြိုင်ပွဲတွင် ကစားသမား မောင်ရှိုင်းထက်အာင်က ယမန်နှစ်က ၎င်းရရှိထားသော စံချိန် ၁ မိနစ် ၇ စကန့်ကို ယခုနှစ်တွင် ၁မိနစ် ၀၂ စက္ကန့်ဖြင့်လည်း‌‌ကောင်း၊ မီတာ ၅၀၀ စက်ဘီးစီးပြိုင်ပွဲတွင် ယခင်နှစ်က တနင်္သာရီက ၄၂.၀၉ စက္ကန့်ဖြင့် ရရှိထားသောစံချိန်ကို မကြယ်စင်လင်းလက်က ၄၁.၈၄ စက္ကန့်ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ကြသည့်အပြင် အကောင်းဆုံးသစားသမားဆုကို မောင်ရှိုင်းထက်အောင်က ရရှိကာ အမျိုးသားအသင်းက သုံးနှစ်ဆက်တိုက် တံခွန်စိုက်ဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း၊အောင်မြေသာစံ(ပြန်/ဆက်)