ရန်ကုန် ဇန်နဝါရီ ၁၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီများ တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက် စာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ယနေ့မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံခြင်းသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းဖတ်ကြားခြင်းနှင့် ပါတီဆိုင်ရာလုပ်ငန်းကိစ္စများ ဆက်လက်ဆောင်ရွက်နိုင်ရေးဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်အရ ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၆၅ ပါတီရှိပြီး ၎င်းတို့အနက် ၄၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါပါတီများအနက် ပါတီ ၂ ပါတီ ဖျက်သိမ်းခဲ့ရခြင်းကြောင့် တည်ဆဲနိုင်ငံရေးပါတီ ၄၅ ပါတီရှိကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ပါတီဝင်အင်အားကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင်စည်းရုံးရေးနှင့် သတ်မှတ်ပါတီရုံးခန်းအရေအတွက် ပြည့်မီအောင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း။
ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများက တင်ပြလာသော ပါတီဝင်အင်အားစာရင်းများကို သက်ဆိုင်ရာဌာနများ၊ ပါတီတာဝန်ခံကိုယ်စားလှယ်များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စိစစ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်မပြည့်စုံသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ထပ်နေသူများ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် အမည်ကွဲလွဲသူများ၊ မြို့နယ်ကုတ်လွဲမှားနေသူများ၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နေရပ်လိပ်စာ ပြည့်စုံခြင်းမရှိသူများ၊ ဥပဒေနှင့်အညီနေထိုင်သူစာရင်း၌ မရှိသူများအစရှိသည့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်အင်အားစာရင်းများကို သက်ဆိုင်ရာပါတီများသို့ ပေးပို့ပြီး သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့နှင့် ဆက်သွယ်ဆောင်ရွက်ပြီး သတ်မှတ်ရက်အရောက် ပြန်လည်စိစစ်ပြင်ဆင်ပေးပို့ရေး အကြောင်းကြားခဲ့ကြောင်း။
ယနေ့ထိ ရက်ပေါင်း ၉၀ ပြည့်သည့် နိုင်ငံရေးပါတီ ၃၅ ပါတီအနက် ၂၈ ပါတီသာသတ်မှတ် အင်အားပြည့်မီသည်ကို တွေ့ရှိရကြောင်း၊ ပါတီရုံးခန်းများ ဖွင့်လှစ်ရာတွင်လည်း ရက်ပေါင်း ၁၈၀ ပြည့်ပြီးသည့် နိုင်ငံရေးပါတီ ၃၂ ပါတီအနက် ၁၉ ပါတီသာ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ပြီးဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ပါတီဝင်အင်အားနှင့် ရုံးခန်းဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်နှင့်အညီ ပြည့်မီအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရရှိရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများကို ညှိနှိုင်းအကြောင်းကြားပြီးဖြစ်ကြောင်း။ ကော်မရှင်အနေဖြင့် ပါတီအားလုံးရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိစေရန် ဥပဒေနှင့်အညီ အချိန်ပေးပြီးစိတ်ရှည်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေခြင်းကြောင့် ပါတီဝင်အင်အားပြည့်မီရေး အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေ စည်းရုံးခြင်းနှင့်ပါတီရုံးခန်းများ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေနှင့်အညီ တိကျစွာ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ခိုင်မာအားကောင်းမှသာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ရာတွင် များစွာအထောက်အကူ ရရှိမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကိုအချိုးကျ ကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည်ဖြစ်ရာ စနစ်နှင့်ကိုက်ညီသည့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးကိုလည်း အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးစိစစ်ရာတွင် သက်ဆိုင်ရာနိုင်ငံရေး ပါတီများမှကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကိုလွတ်လပ်၊ တရားမျှတမှုရှိစေရန် ကော်မရှင်အနေဖြင့် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိကျစွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ဆက်တည်း နိုင်ငံရေးပါတီများ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြုံပြုချက်စာတမ်း ဖတ်ကြားခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စီမံဆောင်ရွက်ခြင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိပြီး လုံခြုံအေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကောင်းမွန်သောအကြံဉာဏ်များကို အပြုသဘောဆောင် တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှတာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းကို အကျဉ်းချုပ်တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊ နိုင်ငံရေးပါတီ ၄၂ ပါတီမှဥက္ကဋ္ဌများ၊ ပါတီခေါင်းဆောင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)