ရှမ်းပြည်နယ်ဝန်ကြီးချုပ်(ဖလား) အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဝင်မည့် တာချီလိတ်မြို့နယ် လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

တာချီလိတ် ဇန်နဝါရီ  ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်‌‌ရောက်ယှဉ်ပြိုင်မည့် တာချီလိတ်မြို့နယ် လက်ရွေးစင်ဘောလုံး အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြိုင်ပွဲဝင်အမျိုးသား ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပမည့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက ထောက်ပံ့ငွေကျပ်သိန်း ၃၀၊ ခရိုင်ရဲတပ်ဖွဲ့မှ ထောက်ပံ့ငွေအား ရဲမှူး လှသူက ငွေကျပ် ၅ သိန်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အလှူရှင်များက ငွေကျပ် သိန်း ၂၀ အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အမျိုးသားဘောလုံးအသင်းကို အသင်းသား ၁၈ ဦး၊ အုပ်ချုပ်သူ ၂ ဦးဖြင့် စခန်းသွင်းလေ့ကျင့်ကာ ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် စတင်ကျင်းပမည့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၃၀ သင်းခန့် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)